၂၀၂၄ ခုနှစ်၊ စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စေတုတ္တရာ ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဌာနဆိုင်ရာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းတွင် စေတုတ္တရာမြို့နယ် မြို့မအားကစားကွင်း၌ ကျင်းပရာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသိန်းမင်းဇင်၊ အတွင်းရေးမှူး ရဲမှူးဝင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူနည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားချစ်သူပြည်သူများက ဗိုလ်လုပွဲစဉ်အဖြစ် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြရာ မြို့နယ်မီးသတ်ဦးစီးဌာနက ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အသင်းအား အနိုင်ရရှိသွားသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကပွဲစဉ်တစ်လျှောက် အကောင်းဆုံးဘောလုံးသမားဆုရရှိသည် မြို့နယ်မီးသတ်ဦးစီးဌာန ဘောလုံးအသင်းမှ အားကစားသမား (၁) ဦးအား ငွေသားဆုအားလည်းကောင်း၊ အသန့်ရှင်းဆုံးဆုရရှိသော မြို့နယ်အခြေခံပညာဦးစီးဌာန ဘောလုံးအသင်းအား လည်းကောင်း၊ မြို့နယ်စီမံအုပ်‌ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးက တတိယဆုရရှိသော (မုန်းလျှပ်စစ်ဓာတ်အားပေးစက်ရုံ+စေတုတ္တရာပင်မဓာတ်အားခွဲရုံ+မြို့နယ်လျှပ်စစ်ဌာနပေါင်းစုဘောလုံးအသင်းအား ဂုဏ်ပြုငွေသားဆုများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) က ဒုတိယဆုရရှိသော မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဘောလုံးအသင်းအား ဂုဏ်ပြုငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပထမဆုရရှိသော မြို့နယ်မီးသတ်ဦးစီးဌာန ဘောလုံးအသင်းအား တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားဌာန ပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲကို မြို့နယ်ရှိဌာနပေါင်းစုံမှ အားကစားအသင်း (၈) သင်းဖြင့် ဇူလိုင်လ (၁၁) ရက်မှ စတင်ကာ (၂၉) ရက်အထိ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရသည်။

ဝင်းအိမွန်(ပြန်/ဆက်)