တောင်တွင်းကြီး ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်အတွင်း မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါး ၂၅၄၈၆ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
"အခုနှစ် မိုးဦးကာလ မိုးစပါးစိုက်ပျိုးရာသီမှာ တောင်တွင်းကြီးမြို့နယ်အနေနဲ့ မိုးစပါး ၉၇၂၈၆ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ ဇူလိုင်လ ၂၉ ရက်နေ့အထိဆိုရင် မိုးစပါး ၂၅၄၈၆ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်မိုးရွာသွန်းမှုနည်းပါးတော့ တောင်သူတွေ ချောင်းရေနဲ့ မြေအောက်ရေကို ရေတင်ပြီး အဓိကထား ပျိုးထောင်၊ စိုက်ပျိုးကြပါတယ်။ မိုးစပါးစိုက်တောင်သူတွေအနေနဲ့ အထွက်နှုန်းတိုးပွားစေဖို့အတွက် မျိုးကောင်းမျိုးသန့်စပါးများ အသုံးပြုစိုက်ပျိုးနိုင်ရေး လိုအပ်တဲ့သွင်းအားစုများ ထောက်ပံ့ပေးခြင်းနဲ့ မြေသြဇာသုံးစွဲမှုမှန်ကန်စေရေး၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုလည်း ကွင်းဝန်ထမ်းတွေနဲ့အတူ ကွင်းဆင်းဆောင်ရွက်လျက်ရှိပါတယ်။ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ရေးအတွက်လည်း အသိပညာပေးလုပ်ငန်းတွေကို စဥ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါတယ်"ဟု တောင်တွင်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာထံမှ သိရသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးလျာထားဧကထက် ပြည့်မီကျော်လွန် စိုက်ပျိုးနိုင်ရန်အတွက်လည်း တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရန်နောင်(ဗိဿနိုးမြေ)