နတ်မောက်မြို့၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် အခြေခံပညာအလယ်တန်းကျောင်း (တမာပင်)သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေး

နတ်မောက် ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ် ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)သို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ငှားရမ်းပေးရာတွင် နတ်မောက်မြို့ပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)နှင့် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တို့တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား/သူများအတွက် စာအုပ်စာစောင်များ အလှည့်ကျ အခမဲ့ငှားရမ်းပေးလျက်ရှိပြီး ကျောင်းသား/သူများအား အသိပညာပေး နံရံကပ်စာစောင်များလည်း ပြသခဲ့သည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများသို့ အရောက်သွားကာ လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း ရုံးဖွင့်ရက်များတွင် နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ အထိ မည်သူမဆို အခမဲ့စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလေ့လာနိုင်ရန် မြို့နယ်ရုံးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။

လှဝင်း