ဖြူး ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျွဲ၊ နွားများအတွက် အစာအဖြစ် ကျွေးမွေးရာတွင် ကျွဲနွားများ ကိုယ်အလေးချိန်တိုးတက်စေခြင်း၊ မျိုးပွားမှုဆိုင်ရာကောင်းမွန်စေခြင်း၊ နို့စားနွားများ နို့ထွက်နှုန်းမြင့်မားစေခြင်းနှင့် အသားတိုးနွားများ အသားထွက်နှုန်းမြင့်မားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေသောကောက်ရိုးအား ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်း လက်တွေ့သရုပ်ပြသခြင်းများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျီးမနိုးကျေးရွာအုပ်စု၊ ကျီးမနိုးကျေးရွာ၌ ကွင်းဆင်းလက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးငြိမ်းအောင်နှင့်ဝန်ထမ်းများက အဆိုပါကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေတောင်သူများနှင့် မွေးမြူရေးသမားများကို ကောက်ရိုးအား ယူရီးယားပြုလုပ်ကျွေးမွေးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ ရှင်းလင်းပြောကြားပြီး ပြုလုပ်ပုံအဆင့်ဆင့်အား လက်တွေ့သရုပ်ပြပြုလုပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)