ကျွန်းလှမြို့နယ်၌ ရေရှည်တည်တံ့သော စိုက်ပျိုးရစနစ် နည်းပညာပေး သင်တန်းဖွင့်လှစ်

ကျွန်းလှ ဇူလိုင် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးကောင်းသောက်လယ်ယာမြေများဖြစ်ပြီး ရာသီအလိုက် သီးနှံမျိုးစုံထုတ်လုပ်လျက်ရှိရာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ဖြစ်စေရန်အတွက် ယမန်နေ့က နည်းပညာပေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက စိုက်ပျိုးရေးပညာရှင်များ၏ နည်းပညာများရယူပြီး သိပ္ပံနည်းကျစိုက်နည်းစနစ်များ လိုက်နာကျင့်သုံးကြစေလိုကြောင်း အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် သဘာဝဘေးအန္တရာယ်ကြောင့် ရာသီဥတုပြောင်းလဲနေခြင်းအကြောင်း၊ သဘာဝဘေးအန္တရာယ် တွန်းလှန်နိုင်ရန်အတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်သုံးစွဲခြင်းနှင့် ထုတ်လုပ်ခြင်း၊ စိုက်နည်းစနစ်နှင့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးခြင်းတို့ကို ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါ သင်တန်းသို့ ဒေသခံတောင်သူ (၃၅) ဦးတက်ရောက်ခဲ့ပြီး အီးအမ်-၅ ဖျော်ရည်နှင့် စိုက်ပျိုးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)