အောင်လံမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ဒုတိယအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း ပွဲကျင်းပ

အောင်လံ ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ဒုတိယအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ တာဝတိံသာကျောင်းတိုက်၌ ကပ်လှူပူဇော်ခဲ့ကြသည်။

ဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဒါယကာ၊ ဒါယိကာမ အပေါင်းသူတော် ကောင်းတို့မှ “နမော တဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပြီး၊ အောင်လံမြို့၊ တာဝတိံသာစာသင်တိုက် ပဓာနနာယကဆရာတော်မှ (၉)ပါး သီလ ချီးမြှင့်ပေးတော်မူခဲ့ပြီး၊ သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာသုတ်ဒေသနာတော် ရွတ်ဖတ် ပူဇော်ခဲ့သည်။

ထို့နောက် အောင်လံခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ဆရာတော်သံဃာတော်အရှင်သူ မြတ်တို့ အား ဝါဆိုသင်္ကန်းနှင့်လှူဒါန်းဖွယ်ရာ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၆၇၀၀၀၀/-) တိတိ အားဆက်ကပ် လှူဒါန်းခဲ့ပြီး၊ အောင်လံမြို့၊ တာဝတိံသာစာသင်တိုက် ပဓာနနာယကဆရာတော် မှ ဒါယကာ၊ ဒါယိကာမအပေါင်းသူတော် ကောင်းတို့အား အနုမောဒနာတရားဟောကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဒါယကာ၊ ဒါယိကာမ အပေါင်းသူတော် ကောင်းတို့မှ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ် ရွတ်ဖတ်ပူဇော်၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)