အုတ်ဖို ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှု၍ တိမ်မြုတ်ကျေးရွာအုပ်စု ကျောက်ဖြူတောင်ကျေးရွာအနီး တိမ်မြုတ်-ထန်းပင်ကုန်း ကျေးရွာချင်းဆက်လမ်းမိုင်တိုင် ၁/၄ နှင့် ၅ ကြားရှိ အရှည် (၂၄)ပေ၊ အကျယ် (၁၆)ပေ၊ အမြင့် (၂၅) ပေရှိသော အုတ်ခုံခံကွန်ကရစ်တိမ်မြုတ်ချောင်းကူးတံတား ကမ်းကပ်ခုံမြေကာနံရံ တစ်ဖက်ချဉ်းကပ်လမ်းမှာ ယမန်နေ့မွန်းလွဲပိုင်းက တောင်ကျချောင်းရေတိုက်စားမှုကြောင့် ပြိုကျခဲ့ကြောင်းသိရသည်။
အဆိုပါတံတားပေါ်၌ စက်ဘီးနှင့်ဆိုင်ကယ်များမှလွဲ၍ ကျန်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း မရှိတော့သဖြင့် တံတားချဉ်းကပ်မြေသားများ ပြန်လည်ပြုပြင်နိုင် ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကျေးလက်လမ်းဦးစီးဌာနသို့ ညွှန်ကြား ထားပြီးဖြစ် ကြောင်းသိရသည်။ အလားတူ အလယ်ကုန်းကျေးရွာအုပ်စု သိုက်ဝါးချောင်း - တိမ်မြုတ်ကျေးရွာချင်းဆက်လမ်းပေါ်ရှိအရှည် (၁၁၀)ပေ၊ အကျယ် (၇)ပေ၊ အမြင့် (၂၄)ပေရှိသော တိမ်မြုတ်ချောင်းကူး သစ်သားတံတားမှာ မျောပါသွားခဲ့ပြီး ကျေးရွာသူ ကျေးရွာ သားများမှလိုက်လံဆယ်ယူရာ တိုင် (၂) လုံးနှင့် သစ်သားအနည်းငယ် သာပြန်လည် ရရှိခဲ့ကြောင်းသိရသည်။
အောင်သူ (အုတ်ဖို)