တောင်ကြီး ဇူလိုင် ၂၇
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တောင်ကြီးတက္ကသိုလ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်းဆောင်ရွက်သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီက တောင်ကြီးတက္ကသိုလ်ဘက်စုံခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်ကအမှာစကားပြောကြားရာ “မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆိုသည့် ရည်ရွယ်ချက်ဖြစ်သည့် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးအန္တရာယ်ကာကွယ်တားဆီးရန်၊ ဘေးဒုက္ခကျရောက်သူများကို ကူညီရန်ဆိုသည့် လုပ်ငန်းစဉ်သုံးရပ်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရှေးဦးသူနာပြုစုခြင်းသည် အခြေခံကျသောလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရှေးဦးပြုစုခြင်း သင်တန်းများကို တစ်အိမ်တစ်ယောက်ရှေးဦးပြုစုခြင်းတတ်မြောက်သူရှိစေရမည်ဆိုသည့် ရည်မှန်းချက်ထားရှိပြီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာတွင် ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရန်အတွက် အဓိကအင်အားဖြစ်သည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုလိုရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို တက်ရောက်သင်ယူခဲ့ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံက သင်တန်းဆင်းလက်မှတ်ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူသည်။
ယင်းနောက် သင်တန်းတွင်ဆုရရှိကြသူများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်၊ သံယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းနည်းပြဆရာ၊ ဆရာမများကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းသို့တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများက ရှေးဦးသူနာပြုစုခြင်းကို လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို တောင်ကြီးတက္ကသိုလ်မှ နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၄၄၉)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှ ၅ ရက်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်