တနင်္သာရီ ဇုလိုင် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၌ ဇူလိုင်လ ပထမပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းမြင့်တက်လာပြီး ယမန်နေ့ ညနေ ၆ နာရီအချိန် တိုင်းထွာချက်အရ တနင်္သာရီမြို့နယ်၏ စိုးရိမ်ရေအမှတ်အထက် (၄ ပေ) (၁၂၁.၉၂ cm) အထိ ကျော်လွန်၍ (၂၁ ပေ) (၆၄၀.၀၈-cm) သို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။
ထိုသို့ တနင်္သာရီမြစ်ရေကြီးမြင့်နေမှုကြောင့် ကျောင်းသူ/သားများ ရေဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီအချိန်မှ၍ တနင်္သာရီမြို့နယ်အတွင်းရှိ အောက်ပါအခြေခံပညာကျောင်း (၅)ကျောင်းကို ဆရာ/မများနှင့် ကျောင်းသား/သူများ ရေဘေးအန္တရာယ်မဖြစ်စေရေးအတွက် မြစ်ရေကြီးနေစဉ် ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ဆင်ခြေဖုံးအုပ်စု -ဘန်းသဲကျေးရွာ မူလွန်ကျောင်းကို ကျောင်းအုပ်ဆရာမကြီးအပါအဝင် မူအုပ် (၁)ဦး၊ ဒု-လယ်ပြ (၂)ဦး၊ ဒု-မူပြ (၂)ဦးနှင့်ထွေ/လုပ် (၁)ဦး၊ ပေါင်း(၆) ဦးနှင့် မူလတန်းကျောင်းသား (၂၇)ဦး၊ ကျောင်းသူ(၂၈)ဦး။ ပေါင်း (၅၅)ဦး၊ တမုတ်ချုံးအုပ်စု မြန်မာအင်းတော်ကျေးရွာ မူလတန်းကျောင်း၌ ကျောင်းအုပ်ဆရာကြီးအပါအဝင် မူအုပ်(၁)ဦး၊ လ/ထမူပြ (၁)ဦး၊ ထွေ/လုပ် (၁)ဦး၊ ပေါင်း (၃)ဦးနှင့် မူလ တန်းကျောင်းသား (၂၄)ဦး + ကျောင်းသူ(၁၈) ဦး၊ ပေါင်း (၄၂)ဦး၊ တမုတ်ချုံးအုပ်စု ကျောက်မိကျောင်းကျေးရွာ မူလတန်းကျောင်း ကျောင်းအုပ်ကြီး အပါအဝင် မူအုပ်(၁)ဦး ၊ လ/ထမူပြ(၂)ဦး၊ ထွေ/လုပ်(၁)ဦး၊ ပေါင်း(၄)ဦးနှင့်မူလတန်းကျောင်းသား (၄၈)ဦး၊ ကျောင်းသူ(၅၀)ဦး၊ ပေါင်း (၉၈)ဦး ကျောက်တစ်လုံးအုပ်စု မြေမအုံကျေးရွာ မူလတန်းကျောင်း ကျောင်းအုပ်ကြီးအပါအဝင် မူအုပ် (၁)ဦး၊ လ/ထမူပြ (၁)ဦး၊ ပေါင်း(၂)ဦးနှင့် မူလတန်းကျောင်းသား (၂၆)ဦးနှင့် ကျောင်းသူ(၃၃)ဦး၊ ပေါင်း(၅၄)ဦး၊ အရှေ့မော်တုံးအုပ်စု ထုံနွယ်ကျေးရွာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး အပါအဝင် မူအုပ်(၁)ဦး၊ ဒု-မူပြ (၁)ဦး၊ လ/ထ မူပြ (၁)ဦး၊ ထွေ/လုပ် (၁)ဦး ပေါင်း(၄)ဦးနှင့် မူလတန်းကျောင်းသား (၅၇)ဦး ကျောင်းသူ (၆၇)ဦး၊ ပေါင်း(၁၂၄)ဦး စသည့် ကျောင်း (၅)ကျောင်းနှင့် ကျောင်းသူ/သား ၃၇၃ ဦးတို့အား မြစ်ရေကြီးနေစဉ်ယာယီပိတ်ထားမည်ဖြစ်ပြီး ကျောင်းပြန်ဖွင့်လှစ်နိုင်ပါက တနင်္ဂနွေ/ဥပုဒ်နေ့များတွင် အစားထိုးသင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပါသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်/ဆက်)