မြောက်ဥက္ကလာပမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မြောက်ဥက္ကလာပ ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သဇင်ခန်းမတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ  ယာဥ်ထိန်းတပ်ဖွဲ့စု (၃၅)မှ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်တင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယာဥ်ထိန်းတပ်ဖွဲ့စု (၃၅)မှ မြောက်ဥက္ကလာပမြို့နယ် တပ်စုမှူး ဒုရဲမှူးလှိုင်ဝင်းအောင် ဦးစီးသော တပ်ဖွဲ့ဝင်များက ကျောင်းသား/သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိရှိလိုက်နာရေးသည် အရေးကြီးပါကြောင်း၊ စည်းကမ်းတကျသွားလာမှသာ ဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယာဉ်နှင့် လမ်းကို မလွဲမရှောင်သာဘဲ နေ့စဉ်အသုံးပြုနေကြရ၍ စည်းကမ်းနှင့်အညီလိုက်နာပြုမှုမှသာ ယာဉ်ထိခိုက်မှုကင်းဝေးပြီး လိုရာကိစ္စပြီးမြောက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/သူ (၂၀၀)ဦးထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)