မဟာအောင်မြေမြို့နယ်၌ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မဟာအောင်မြေ ဇူလိုင် ၂၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်​ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ​မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်မေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးရှီးမွန်က လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ကျောင်းသား/သူများအား စာပေနှင့်ပတ်သက်၍ ပြောကြားရာတွင် ကျောင်းသား/သူများဗလငါးတန်နှင့်​ပြည့်စုံ​စေရန်၊ အားလပ်သော အချိန်များတွင် စာပေတွေကိုလေ့လာစေလိုကြောင်း၊ ပညာသည်အိုသည်မရှိ ပညာတတ်မြောက်မှသာ အမှားအမှန်ဝေဖန်နိုင်မည်​ဖြစ်ကြောင်း၊ စာကိုကြိုးစားသင်ယူသင့်ကြောင်း၊ အကောင်းအဆိုးခွဲခြားတတ်စေရန် အခြားသော ပြင်ပဗဟုသုတများကိုလည်း ရှာဖွေသင့်ကြောင်းနှင့် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြောကြားရာတွင်လည်း မူးယစ်ဆေးဝါးသည်လူသားတွေကို ကောင်းကျိုးမပေးဘဲ လူဦးနှောက်တွေကို မူးယစ်ထုံမှိုင်း​စေသောကြောင့် စမ်းသပ်မသုံးစွဲသင့်ကြောင်း၊ မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း မူယစ်ဆေးဝါးကို စမ်းသပ်မသုံးစွဲသင့်ကြောင်း၊ ယခုလူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း ငယ်ရွယ်စဉ်မှာ အမှားအမှန်ဝေဖန်နိုင်အောင် စာပေတွေကိုလေ့လာ့သင်ယူသင့်ကြောင်း၊ ကျောင်းနေအရွယ်တွင် ပညာကိုသာ ဦးစားပေးသင်ယူလေ့လာသင့်ကြောင်း ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးက အားကစားပစ္စည်းများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ကျောင်းစာကြည့်တိုက်အတွက် ဂျာနယ်စာစောင်များကိုလည်းကောင်း လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာ​စောင်များနှင့်​နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း