မကွေး ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန်၊ ပြည်သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊ လူသားအရင်းအမြစ်၊ စွမ်းဆောင်ရည်မြင့်မားသည့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုကဏ္ဍများ၊ နည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတစ်ဝန်းလုံးမှ အခြေခံအဆောက်အအုံများအပါအဝင် ပညာရပ်နယ်ပယ်အသီးသီးတို့တွင် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံသားများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ယှဉ်တွဲလုပ်ကိုင် ဆောင်ရွက်နိုင်စေရန်အတွက် ကော်မတီသို့ လျှောက်ထားလာသည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပါရည်ရွယ်ချက်များနှင့်အညီ စိစစ်ခွင့်ပြုလျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားရေးအား အကျိုးဖြစ်ထွန်းစေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖော်ထုတ်မြှင့်တင်ပေးခြင်းနှင့်ကော်မတီသို့ လာရောက်လျှောက်ထားတင်ပြလာသော အဆိုပြုလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုအတည်ပြုမိန့် ခွင့်ပြုနိုင်စေရေး ဆောင်ရွက်သည့်အဆင့်တိုင်းတွင် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင်ပြေပြေဆောင်ရွက်နိုင်စေရေး သက်ဆိုင်ရာဌာနများက လက်တွဲကူညီဆောင်ရွက်ပေးကြ ရမည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ဇွန်လတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးဆွေးနွေးပွဲ (၂၀၂၄)ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်း အားပေးမြှင့်တင်မည့် စီးပွားရေးကဏ္ဍနှင့်သက်ဆိုင်သည့် အစိုးရဌာနတာဝန်ရှိသူများက ဌာနမှဆောင်ရွက်ပေးနေမှုများ၊ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးစေရေး နိုင်ငံတော်မှ ဖော်ဆောင်နေသည့် မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဌာနများမှ ပေါင်းစပ်ကူညီပေးနိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေကခွင့်ပြုသည့် အကျိုးခံစားခွင့်များကို ရှင်းလင်းဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာဥပဒေများနှင့်အညီ ရင်းနှီးမြှုပ်နှံသူများကို လုပ်ငန်းများဆောင်ရွက်ရာတွင် အစစအရာရာ လွယ်ကူချောမွေ့စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြလာသည့် စက်မှုကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ရေး ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၀၀၃ သန်းအပါအဝင် မြန်မာကျပ်ငွေ ၅,၈၃၃.၈၁၄ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၁ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအပေါ်ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး(ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
မောင်ညီညာ