ကျောက်ဆည်ခရိုင်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဆည် ဇူလိုင် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင် ဒေါ်တင်တင်ထွေးက ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာလ (၉)ရက်နေ့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အခြေခံကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ အဆင့်မြင့်ကျောင်းများ၊ တက္ကသိုလ်များမှ ပြခန်း (၁၀)ခန်း ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း၊ ပွင့်ပွဲ၊ ပိတ်ပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အခြေခံကျောင်းများနှင့် ချိတ်ဆက်စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ လူရည်ချွန်များ၊ ဘင်ခရာ၊ ပန်းပွားအက၊ ဆင်အကအလှများ ကရာတေး၊ ဂျွန်းဘား ပြိုင်ပွဲများ ပါဝင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ကော်မတီများ၏ လှူဒါန်းငွေများဖြင့် တစ်နိုင်ငံလုံးတွင် ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် (၁၁)ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်း‌ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် မြို့နယ်စာရေးဆရာအသင်းအနေဖြင့် ကလေးများနှင့်သင့်တော်သည့် ဝတ္ထု၊ ကာတွန်း၊ ကဗျာ၊ စသသည့် စာအုပ်၊ စာပေများကို ပြခန်း (၁)ခန်းအဖြစ် ပါဝင်ပြသသွားမည်ဖြစ်သည့်အတွက် မြို့နယ်စာရေးဆရာများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် အသိပညာပေးစာပေဟောပြောပွဲနှင့် ပြိုင်ပွဲများတွင် အကဲဖြတ်အမှတ်ပေးဒိုင်များအဖြစ် သတ်မှတ်ရွေးချယ်ထားသည့် စာရေးဆရာများ၏ အမည်စာရင်းများကို ဖတ်ကြားခဲ့ပြီး အတည်ပြုရွေးချယ်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် စာရေးဆရာများမှ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ အမှတ်ပေးစည်းမျဉ်းများ စနစ်တကျရေးဆွဲရေးများ ပြန်လည်ဆွေးနွေးခဲ့ရာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လိုအပ်သည်များကို ပေါင်းစပ်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)