လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စာသင်ခုံအစုံ (၉၀) ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီ၌ အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် လှူဒါန်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တစ်စုံလျှင် (၂၅၀၀၀၀)ရှိ စာသင်ခုံအစုံ (၉၀) စုစုပေါင်း (၂၂၅၀၀၀၀၀)တန်ဖိုးရှိ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရသစ်သီးခြင်းများပေးအပ်ကာ ကျောင်းအုပ်ဆရာကြီး ဦးစိုးသိန်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးနှင့် တာ၀န်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာ၀န်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းမှ တာ၀န်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)