မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် စွန့်ပစ်အမှိုက်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မော်လမြိုင် ဇူလိုင် ၂၇

မွန်ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်းသန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၅ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် ချုံနွယ်များ၊ မြက်ပင်များ၊ စွန့်ပစ်အမှိုက်များကို ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမှုရေးအသင်း၊ အဖွဲ့များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်က ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး၊ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်နေမှုများမရှိစေရေး အထူးအလေးထား ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ကမ်းနားလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို၊ ကမ်းနားလမ်းသန့်ရှင်းသာယာလှပစေရေး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း ပင်လယ်ကမ်းရိုးတန်းဒေသများ သန့်ရှင်းသာယာလှပရေးနှင့် ကမ်းရိုးတန်းသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့စေရန်အတွက် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

 စည်သူ(ပြန်/ဆက်)