ပဲခူး ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူးမြို့)သင်တန်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း(၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်က ယနေ့ဖွင့်လှစ်သင်ကြားပေမည့် သင်တန်းသည် မိမိတို့ပတ်ဝန်းကျင်တွင် နေ့စဥ်အသုံးပြုနေသော အမျိုးအစားထဲတွင် တစ်ခုပါဝင်နေသောကြောင့် လက်တွေ့နယ်ပယ်မှာ အသုံးဝင်မည့်သင်တန်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် စာတွေ့၊ လက်တွေ့ပညာရပ်များအား ပိုမိုအကျိုးရှိစွာအသုံးချနိုင်ပါက မိသားစုဝင်ငွေရရှိနိုင်မည့်အပြင် ကိုယ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်သောကြောင့် ကြိုးစားသင်ယူကြရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်မာသက်က သင်တန်းများဖွင့်လှစ်ပေးခဲ့မှုအခြေအနေနှင့် သင်တန်းဖွင့်လှစ်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တက်ရောက်လာသည့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ သင်ရိုးညွှန်တမ်းစာအုပ်များ၊ သင်ထောက်ကူလက်သုံးကိရိယာများနှင့် လက်တွေ့သင်ကြားပြမည့် အထောက်ကူပြုပစ္စည်းများအား ကြည့်ရှုခဲ့ကြသည်။
အဆိုပါသင်တန်းအား ဇူလိုင်လ(၂၆)ရက်နေ့မှ သြဂုတ်လ(၂၃) ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ကာ ကျွမ်းကျင်နည်းပြသင်တန်းဆရာများက မော်တော်ဆိုင်ကယ်ဝါယာရိန်းစနစ်၊ နှစ်ချက်ခုတ် အင်ဂျင်အလုပ်လုပ်ပုံအကြောင်း၊ လေးချက်ခုတ် အင်ဂျင်အလုပ်လုပ်ပုံအကြောင်း၊ မော်တော်ဆိုင်ကယ် Suspension System အကြောင်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)