ဒေးဒရဲမြို့နယ်၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီ (ဒီရေတော) သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဒေးဒရဲ ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တော၊ သစ်ပင်တန်ဖိုးများကို အများပြည်သူများ အလေးထားသိရှိနိုင်စေရန်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသနေပြည်သူများ ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ ရပ်တည်နိုင်ရေးရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်၊ မိုးရာသီ (ဒီရေတော) သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉) နာရီခွဲက ဒေးဒရဲမြို့နယ်၊ သုံးဒါတ်တံတားချောင်ကျေးရွာအုပ်စု၊ ကွင်းပုန်းကျေးရွာ၊ ရတနာသောင်တန်းအနီးရှိ ပင်လယ်ကမ်းခြေတလျောက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်အား ဖျာပုံမြို့နယ် သစ်တောဦးစီးအရာရှိ ဦးကျော်ဇံရွှေ၏ လမ်းညွှန်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာမှ တာဝန်ခံတောအုပ်ကြီးဦး အောင်မျိုးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ သုံးဒါတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်နှင့် ဒေသခံပြည်သူများက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ဒီရေတောဂေဟစနစ်များ ပိုမိုကောင်းမွန်လာစေရေးအတွက် ကျန၊ ဗြူးအုပ်ဆောင်း၊ သမဲ့ကြီး၊ လမု၊ အုန်းပင်၊ မာလာလူးကား၊ ပင်လယ်ကဗွီးစသည့် ပျိုးပင်ပေါင်း (၁၃၅၀)အား တပျော်တပါး စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ဒီရေတောများ သားစဥ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထု အသိပညာပေးမြှင့်တင်ပေးခေါင်းစဥ်နှင့်အညီ မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ဒီရေတောပင်များ စိုက်ပျိုးခြင်းဖြင့် မုန်တိုင်းဒီရေမြင့်တက်တိုက်စားခြင်း၊ ကမ်းပြိုခြင်းများကို ကာကွယ်နိုင်ပြီး ဒေသခံပြည်သူများ အစားအစာ၊ သစ်၊ ထင်း၊ တိုင်၊ မျောများရရှိနိုင်ခြင်း၊ ငါး၊ ပုစွန်နှင့်ရေနေသတ္တဝါများ သားပေါက်ခြင်းစသည့် ကွင်းဆက်များကို အထောက်အကူပြုနိုင်မည်၍ကမ်းနီး၊ ကမ်းဝေးနှင့် ဒေသခံပြည်သူများ သား၊ ငါးထုတ်လုပ်မှု ပိုမိုကောင်းမွန်စေသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက သိရသည်။

အေဇာလင်း