မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်မရောမြို့နယ်၊ ဓမ္မဿကျေးရွာရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် ဇူလိုင် ၂၆

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ အကြမ်းဖက်သောင်းကျန်းသူများ ဝင်‌ရောက်ပစ်ခတ်တိုက်ခိုက်မှုများ‌ကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းကြောင့် မီးလောင်ပျက်စီးသွားသော နေအိမ်များအား ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ သာသနာ ၂၅၀၀ ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် အလှူရှင်များ၊ ဓမ္မဿကျေးရွာရှိ အိမ်ထောင်စုဝင်များ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မဿကျေးရွာအတွင်း လူနေအိမ်များမီးလောင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကော်မတီအဆင့်ဆင့်ကိုဖွဲ့စည်း၍ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ တည်ငြိမ်အေးချမ်းနေပြီး ဖြစ်သည့်အတွက် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိတို့နေရပ်သို့သွားရောက်၍ ပြန်လည်အခြေချနေထိုင်နိုင်ရေး လိုအပ်သည်များကိုအဖက်ဖက်မှ ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကျေးရွာနေပြည်သူများ၏ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အစားအသောက်၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများလိုအပ်ချက်မရှိစေရေး ကူညီဆောင်ရွက်နိုင်ရေး ယခုကဲ့သို့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့မှ အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးအပြင် လျှပ်စစ်ဓာတ်အားများ ပြန်လည်အသုံးပြုနိုင်ရေးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန်နှင့် ယခုလိုပါဝင် လှူဒါန်းပေးကြမှုများအပေါ် ကျေးဇူးအထူးတင်ရှိပါကြောင်းဖြင့် အမှာစကားပြောကြာကြားခဲ့သည်။

ဆက်လက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်မရောမြို့နယ်၊ ဓမ္မဿကျေးရွာရှိ မီးလောင်ပျက်စီးသွားသော နေအိမ် (၃၈၀) လုံးအား ပြန်လည်တည်ဆောက်ရေးအတွက် တစ်အိမ်လျှင် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ငွေကျပ်သိန်း (၁၉၀၀) အား လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တစ်အိမ်လျှင် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ငွေကျပ်သိန်း (၁၉၀၀) စုစုပေါင်း ငွေကျပ် (၃၈၀၀) သိန်းအား ပေးအပ်လှူဒါန်းခဲ့ကြမှုအပေါ် ကူညီရေးအဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တကေတုမာလာနှင့် ကူညီရေးအဖွဲ့တာဝန်ရှိသူမှ လက်ခံရယူခဲ့ကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးများက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် အိမ်ထောင်စု ၃၈၀ စုအတွက် ငွေကျပ်သိန်း ၇၆၀၊ ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေကျပ် (၁၀၄,၉၅၁,၂၈၀)၊ အိမ်ထောင်စု ၃၈၀ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပုံး ၃၈၀ ပုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၇,၄၉၃,၆၈၀) ပေးအပ်ထောက်ပံ့ခဲ့ကြပြီး အလှူရှင်ဦးလှထွန်းက အိမ်မိုးသွပ်အတွက်အလှူငွေကျပ်သိန်း (၁၀၀၀)၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ အိမ်ဆောက်ပစ္စည်းများတွက် စုစုပေါင်း ‌လှူဒါန်းငွေကျပ် (၂၂၀,၂၈,၅၀၀) တို့အား ပေးအပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ကူညီရေးအဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဆရာတော်များမှ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မဿကျေးရွာရှိ မီးလောင်ပျက်စီးသွားသော အိမ်များအား ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်မြွတ်ကြားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ဓမ္မသကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံအားပေးနှုတ်ဆက်ခဲ့ကြကာ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)