ရေနံချောင်း ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင်လ ဒုတိယပတ်ကစတင်၍ မြစ်ရေဝင်ရောက်သည့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ရာ ရေအနည်းငယ်ပြန်လည်ကျဆင်းသွားသည့်အတွက် ဇူလိုင် ၂၅ ရက်နေ့က အ.မ.က (ထိန်ချောင်း) ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အဆိုပါကျောင်းရှိ ဆရာ ဆရာမ ၅ ဦးနှင့် ကျောင်းသားကျောင်းသူ ၆၃ ဦးကို ရေဘေးအန္တရာယ်ကင်းဝေးစေရန် ဇူလိုင် ၁၅ ရက်နေ့က စတင်၍ ယာယီပိတ်ထားခဲ့ရာ ယခုအခါ မြစ်ရေပြန်လည်ကျဆင်းသွားသည့်အတွက် သန့်ရှင်းရေးဆောင်ရွက်ကာ သင်ခန်းစာများနောက်မကျစေရေး ယမန်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယာယီပိတ်ထားခဲ့သည့် အ.မ.က(စနေနံ)ကျောင်းကိုလည်း ဇူလိုင် ၂၉ ရက်နေ့တွင် ထပ်မံ၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့မှုကြောင့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန် ဇူလိုင် ၉ ရက်နေ့ကစတင်၍ အခြေခံပညာကျောင်းအချို့ကို ယာယီပိတ်ထားခဲ့ရာ ၁၆ ရက်နေ့အထိ စုစုပေါင်း ကျောင်း ၂၃ ကျောင်းရှိပြီး မြစ်ရေပြန်လည်ကျဆင်းပါက အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားကြောင်းနှင့် ကျောင်းသားကျောင်းသူများ သင်ခန်းစာ နောက်မကျစေရေး ပိတ်ရက်များအစား စာသင်ချိန်များကို အစားထိုးပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံက သိရသည်။
မြို့နယ်ပြန်/ဆက်