ချောင်းဆုံ ဇူလိုင် ၂၆
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက (၆၅၂၄၂)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ဇူလိုင်လ(၂၆)ရက်နေ့အထိ မိုးစပါး (၆၂၀၃၂)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်၏ (၉၅,၀၈)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် စပါးများ အသုံးပြုစိုက်ပျိုးနိုင်ရေး လိုအပ်သည့်သွင်းအားစုများထောက်ပံ့ပေးခြင်း၊ မြေဩဇာများ သုံးစွဲမှုစနစ်မှန်ကန်စေရေးနှင့် ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရေး စသည့်လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် လျာထားချက်ပြည့်မီကျော်လွန်စေရေး တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)