ဘီးလင်း ဇူလိုင် ၂၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းကာ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်သို့ ရေကျော်မှုဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားကြောင်း သိရသည်။
ဘီးလင်းမြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်(၁၀၂၂)စင်တီမီတာအား ကျော်လွန်၍ (၁၁၀၇)စင်တီမီတာသို့ မြင့်တက်လာသဖြင့် ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးပေါ်ရှိ ဘိုးလှကြီးရပ်ကွက် သကြားစက်ရုံနှင့် အရက်ချက်စက်ရုံအနီး မိုင်တိုင်အမှတ် ၁၂၆/၄ နှင့် ၁၂၆/၅ အကြားတွင် ရေအကျယ် ( ၇၀၀) ပေ ခန့်နှင့် အနက် ( ၂ ) ပေခန့် ၊ တောင်ကလေးကျေးရွာနှင့် အဝန်းကြီးကျေးရွာအကြား မိုင်တိုင်အမှတ် ၁၂၉/၃ နှင့် ၁၂၉/၄ အကြား ကားလမ်းမပေါ်သို့ ရေအကျယ်(၅၀၀)ပေခန့်နှင့် အနက် ( ၄ ) ပေခန့် ရေကျော်မှု ဖြစ်ပွားလျက်ရှိသည့်အတွက် ယနေ့နံနက်ပိုင်းမှစ၍ ယာဉ်ကြီး၊ ယာဥ်ငယ်များ ဖြတ်သန်းသွားလာမှုအား ယာယီတားမြစ်ထားရှိကြောင်း သိရသည်။
အဆိုပါ ရေကျော်မှုဖြစ်ပွားသည့် လမ်းပိုင်းများတွင် ယာဉ်များ ဖြတ်သန်းသွားလာမှုမရှိစေရေး ဘီးလင်းတပ်နယ်၊ မြို့မရဲစခန်း၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စိတ်(ဘီးလင်း)တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာမိတ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)