ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါး ဧက ၇၀၀၀ ကျော်စိုက်ပျိုးပြီးစီး

ကျွန်းလှ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးစပါး ဧက ၇၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ကျွန်းလှမြို့နယ်မှာ မိုးစပါးစိုက်ပျိုးဖို့ ၃၄၀၉၇ ဧကလျာထားပြီး ယနေ့အထိ ၇၅၄၀ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ ဒီနှစ်မိုးရွာသွန်းမှုနည်းတော့ တောင်သူတွေ ချောင်းရေ၊ မြေအောက်ရေတင်ပြီး နည်းလမ်းမျိုးစုံနဲ့ ပျိုးထောင်၊ စိုက်ပျိုးကြပါတယ်။ လျာထားချက်ပြည့်မီရေးအတွက် ဆက်လက်စိုက်ပျိုးနေကြပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါမိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြခြင်း စသည့်စိုက်ပျိုးရေး ဆိုင်ရာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံစိုက်ပျိုးရန် ၇၆၈၅၈ ဧကလျာထားပြီး လက်ရှိအချိန်ထိ ၃၉၉၇၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ