ပြည် ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ဇူလိုင် ၁၅ရက်ကစ၍ ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်ခဲ့သည့် နဝင်းရပ်ကွက် မြေနိမ့်ပိုင်းရှိ (နဝင်း)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများနှင့် ကျောင်းအတွက် ထောက်ပံ့လှူဒါန်းငွေများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
ထိုသို့ထောက်ပံ့လှူဒါန်းခြင်းကို မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းဦးဆောင်မှုဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အိမ်ခြံမြေဝန်ဆောင်မှုအသင်းများနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ပြည်ခရိုင်၊ ပြည်မြို့နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်းအကျိုးဆောင်များ စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ယင်းသို့လှူဒါန်းရာတွင် ပြည်ခရိုင်အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးထင်ကျော်ဦးနှင့်အဖွဲ့ဝင်များက အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၈၆ဦးအတွက် ဗလာစာအုပ် ၁၁၅၆အုပ်၊ ခဲတံ ၅၀၄ချောင်း၊ ဘောပင် ၁၅၂ချောင်းတို့ကို ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းအတွက် လိုအပ်လျက်ရှိသော စာသင်ခုံများပြုပြင်ရန်နှင့် အထွေထွေပြင်ဆင်မှုများဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေကျပ် ၄သိန်း တိတိကို မြို့နယ်ပညာရေးမှူးဒေါ်နော်အေးမေနှင့် ကျောင်းအုပ်ကြီး ဒေါ်စောယုမြင့်တို့ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)