ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုကြောင့် မိုးစပါး စိုက်ဧကများ ရေကြီးနစ်မြုပ်မှုဖြစ်ပွား

ကန်ကြီးထောင့် ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုကြောင့် မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ဇူလိုင်လ (၂၅)ရက်နေ့ နေ့လည်(၁)နာရီအချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးသန်းဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် တာဝန်ရှိသူများက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် မြို့နယ်အတွင်းရှိ ရွေးကျေးရွာအုပ်စု၊ ရွေးကုန်းကျေးရွာအုပ်စု၊ ဆပ်ကွင်းကျေးရွာအုပ်စု၊ ကညွှတ်ကုန်းကျေးရွာအုပ်စုနှင့် ကွမ်းသီးပင်ဆိပ်ကျေးရွာအုပ်စု စုစုပေါင်း ကျေးရွာအုပ်စု(၅)အုပ်စုရှိ ကွင်းပေါင်း(၉)ကွင်း၊ ဦးပိုင်ပေါင်း(၂၂၁)၊ တောင်သူပေါင်း(၂၀၈)ဦး၊ ဧရိယာပေါင်း(၈၂၃)ဧကတွင် စိုက်ပျိုးထားရှိသော မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါစိုက်ဧကများမှာ အမှန်တကယ် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)