ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ကန့်ဘလူ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

 အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသော အသက်အရွယ်ထက်ငယ်ရွယ်ခြင်း၊ ဥပဒေပါ ကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ အဓိပ္ပါယ်ဖော်ပြချက်များ၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်အချက်များ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသ စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို မြင့်မိုရ်ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀၀) ကျော်တို့က စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)