အိမ်မဲမြို့နယ်တွင်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာငွေများထုတ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေး

အိမ်မဲ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင်ဆက်လက် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ပင်စင်လစာငွေများကို ယခုလ (၂၂) ရက် နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း (၁၆၀၀) ကျော်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှသိရသည်။

“အိမ်မဲမြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ရှိပါတယ်။ပင်စင်လစာငွေများကို ဒီလမှာတော့ (၂၂) ရက်နေ့ကနေ လကုန်ရက်ထိ ရုံးဖွင့်ရက်များမှာဆက်လက်ထုတ်ပေး သွားမှာပါ။ ယနေ့နံနက် (၁၁) နာရီလောက်အထိ အငြိမ်းစားဝန်ထမ်း (၉၀) ဦး ကျော်လောက်ပင်စင် လစာထုတ်ပေးပြီးပါပြီလို့ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ပြောကြားချက်အရ သိရသည်။

အဆိုပါပင်စင်လစာလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်သော သွေးတိုး၊ နှလုံး၊ ဆီးချို တိုင်းတာစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အိမ်မဲမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများက မိမိတို့၏ ပင်စင်လစာငွေများကို အေးချမ်းစွာဖြင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)