ပွင့်ဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်း ဖွင့်လှစ်

ပွင့်ဖြူ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်၍ မိသားစုဝင်ငွေတိုးပွားကာ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းအတွက် လိုအပ်သည် သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများအတွက် ထောက်ပံ့ပေးအပ်ကာ သင်တန်းနည်းပြဆရာများက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် အခြေခံပန်းရံအတတ်ပညာများကို ဇူလိုင် ၂၃ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိ သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ စနစ်တကျ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)