ပန်းတနော် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အ.ထ.က (အင်းမ) ကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပန်းတနော်မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ နေ့ထူးနေ့မြတ်များအကြောင်းသိရှိစေရန် အ.ထ.က (အင်းမ) ကျောင်း၌ စာအုပ်စာစောင်ပြပွဲ၊ လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေး၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်ဗီနိုင်းပိုစတာများ ပြသဆောင်ရွက်ထားရှိရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ ဆက်)