ကျွန်းလှ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါး ဧရာမင်း (RS – CS) မျိုးစေ့ထုတ်စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၇) နာရီက မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၂)၊ တောင်သူ ဦးစောထွေး၏ လယ်မြေ ၅ ဧက၌ ကျင်းပသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက မိုးစပါးမျိုးစေ့ထုတ်ကွက်စိုက်ပျိုးရာတွင် ကြိုတန်းခြောက်တန်း တစ်တန်းလှပ် စိုက်ပျိုးခြင်းဖြင့် ကောက်ကွက်ပြည့်မီခြင်း၊ အပင်ကြီးထွားမှုမြန်ဆန်ခြင်း၊ ပေါင်းထိုးသမန်းနှိုးလွယ်ကူခြင်း၊ ပေါက်မြက်ကင်းရှင်းခြင်း၊ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ရင်းမှည့်ညီညာပြီး ရိတ်သိမ်းချိန် အလေအလွင့်နည်းပါးခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း စသည့်အကျိုးကျေးဇူးများရရှိ၍ ဒေသနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်း မျိုးကောင်း၊ မျိုးသန့်များ ထုတ်လုပ်ခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ပြီး လူမှုဘဝဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများနှင့်အတူ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ကျွန်းလှမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် (၃၄၀၉၇) ဧကလျာထားပြီး၊ လျာထားပြည့်မီအောင် စိုက်ပျိုးနိုင်ရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် စိုက်ပျိုးရေးပညာရှင်များက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)