မုံရွာစီးပွားရေးတက္ကသိုလ်၌ ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

မုံရွာ ဇူလိုင် ၂၃

မုံရွာစီးပွားရေးတက္ကသိုလ်၌ အရွယ်ရောက်သူတိုင်း နိုင်ငံတော်ကထုတ်ပြန်ထားသောဥပဒေများကို အကျွမ်းတဝင်ဖြစ်စေရန် အထူးအလေးထားရည်ရွယ်ပြီး ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ပင်မအဆောင် ငွေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာမုံရွာစီးပွားရေး တက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာ ဝါဝါသန်းဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာခင်နွဲ့အေးက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ရွေးကောက်ပွဲဥပဒေအကြောင်းသိကောင်းစရာတို့အား ပရိုဂျက်တာများဖြင့် အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများ၏ထပ်မံသိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝါဝါသန်းဦးနှင့်အတူ ပါမောက္ခများ၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ဌာနမှူးများ၊ ကထိကများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၉၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)