မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ စံပြကွက် ပေါ်ဆန်းရင်မျိုးစေ့ ထုတ်စိုက်ခင်းစိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ စံပြကွက် ပေါ်ဆန်းရင်မျိုးစေ့ ထုတ်စိုက်ခင်းစိုက်ပျိုးခြင်းသရုပ်ပြပွဲကို တယ်ချောင်းကျေးရွာ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံဝန်းရှိ ကွင်းအမှတ် (၁၃၀)၊ ဦးပိုင်အမှတ် (၂၈) စံပြလယ်မြေ (၆) ဧကပေါ်၌ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် (၈) နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ သရုပ်ပြပွဲတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက လာရောက်ကြည့် ရှုအားပေးခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်က ပေါ်ဆန်းရင်မျိုး စေ့ထုတ်စိုက်ပျိုးခြင်းဖြင့် အရည်အသွေးကောင်းမွန်သော မျိုးသန့်မျိုးစေ့များရရှိလာခြင်း၊ မျိုး၏ကောင်းမွန်သောမူလဗီဇအရည်အသွေးကို ထိန်းသိမ်းထားနိုင်ခြင်း၊ အပင်ပေါက်နှုန်းကောင်းမွန်ညီညာ၍ ကြီးထွာမှုမြန်ဆန်ခြင်း၊ ရာသီဥတုနှင့် ပိုးမွှားရောဂါ ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်း၊ ပေါင်းမြက်ကင်းစင်ခြင်း၊ သီးနှံထွက်နှုန်းကို (၁၀-၁၂) ရာခိုင်နှုန်းအထိ ပိုမိုထွက်ရှိစေရေး အတွက် မော်လမြိုင်ကျွန်းမြို့နယ်၌ ယခုနှစ်အတွင်း မျိုးစေ့ထုတ်စံပြ စိုက်ခင်း (၅၇၀) ဧကအား စိုက်ပျိုးထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)