ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားအား တက်ရောက်

ပုသိမ် ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ဧရာဝတီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခု ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၄)ကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးမှအရာထမ်း၊ အမှုထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်းများအား ဥပဒေအသိပညာ ပြန့်ပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဥပဒေကိုနိုင်ငံသားတိုင်း သိရှိနားလည်ရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားနိုင်ရန်နှင့် အသိပညာပေးရေးသည် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်ကြောင်း၊ နိုင်ငံတော်၏ အခြေခံလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥပဒေအသိပညာရှိကြရန် လိုအပ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲမှု ဆောင်ရွက်သူများအနေဖြင့် ဥပဒေကို နားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြရန် လိုအပ်ကြောင်း၊ ယခု သင်တန်းတက်ရောက်မည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် သင်တန်းတွင်ပို့ချသည့် ဥပဒေဘာသာရပ်များကို လေ့လာမှတ်သားပြီး မိမိတို့တာဝန်ယူရသည့် လုပ်ငန်းကဏ္ဍအလိုက် စီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြည်သူများနှင့် ထိတွေ့ ဆက်ဆံရာတွင်လည်းကောင်း၊ လိုအပ်သော ဥပဒေအသိပညာများ လက်ဆင့်ကမ်း မျှဝေခြင်းဖြင့် ပြည်သူများ လူမှုဘဝ မြှင့်တင်မှုများတွင် အကျိုးရှိစွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း ” အမှာစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။  အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၄)ကို ယခုလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ စုစုပေါင်း(၅)ရက်ကြာ သင်တန်းချိန် ၁၈ ချိန်ဖြင့် သင်တန်းသားဦးရေ ၅၉ ဦးအား  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ရာဇသတ်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ၊ အများနှင့် သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ စီးပွားရေးစာချုပ် စာတမ်းအကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ ဥပဒေအရာရှိ (၉)ဦး က သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)