သာယာဝတီ ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဧရာဝတီမြစ်ရေတက်ပြီး မြစ်လက်တက်ဖြစ်သည့် မြစ်မခမြစ်အတွင်းသို့ မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ ယနေ့နံနက်ပိုင်းမှစတင်ကာ စာသင်ကျောင်း(၂၈)ကျောင်း ခေတ္တယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများအတွင်း ရေဝင်ရောက်ခြင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများ သွားလာရာတွင်အခက်အခဲရှိခြင်း၊ အန္တရာယ်ရှိခြင်းတို့ကြောင့် မြစ်မခမြစ်နှင့်နီးစပ်လျှက်ရှိသော အခြေခံပညာကျောင်း(၂၈)ကျောင်းအား ခေတ္တယာယီပိတ်ထားကြောင်း၊ ယာယီပိတ်ထားသော ကျောင်းများအား တနင်္ဂနွေနေ့များတွင် အစားထိုးပြန်လည်သင်ကြားရေးအတွက် စီမံဆောင်ရွက်ထားကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)