ပုဗ္ဗသီရိ ဇူလိုင် ၂၂
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားသော" သေသော်မှတည့် ဪကောင်း၏" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က လူငယ်များ စာပေဖတ်ရှုရာမှ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အတွေးအခေါ်များ ရင့်သန်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ်က "သေသော်မှတည့်ဪကောင်း၏" စာအုပ်မှ ခေတ်တစ်ခုလုံးနှင့်ခြုံ၍ ကြည့်သော်တိုးတက်သည်ဆိုခြင်းကို မည်သို့မျှမထိခိုက်နိုင် သော်လည်း အကြောင်းဖြစ်ရပ် တစ်ခုချင်းအနေနှင့်တွေးလျှင် နှမြောဝမ်းနည်းဖွယ်ဖြစ်ရခြင်း၊ မိမိတို့ တိုင်းပြည်မိမိတို့လူမျိုး၊ မိမိတို့ထီးပိုင် နန်းပိုင်ကြငှန်းပိုင်နှင့် ရာဇဝင်စာတင်လာခဲ့ကြောင်း၊ ပြောစမှတ်ပြုလောက်သည့် ခံနိုင်ရည်၊ ပြောစမှတ်ပြုလောက်သည့်ဇွဲ၊ ပြောစမှတ်ပြုလောက်သည့် ဝံ့ရဲမှုမျိုးရှိခဲ့ကြသည့်အကြောင်းများ၊ စာရေးဆရာ ရဲမွန်ကျော်က ယခုဆွေးနွေးသည့် စာအုပ်သည် မျိုးချစ်စိတ်ဓာတ်နှင့်ပတ်သက်ပြီး လူငယ်များသိစေချင်သည့် သမိုင်းနောက်ခံ ဝတ္ထုရှည်ဖြစ်ပါကြောင်း၊ စာရေးဆရာမ ချယ်ချယ်(YU)က ခေတ်မီလက်နက်မရှိ၊ ခေတ်မီတပ်မတော်မရှိခဲ့သော်လည်း မျိုးချစ်စိတ်ဓာတ်ရှိသည့် လူငယ်များအနေဖြင့် ရရာလက်နက်ကိုကိုင်ပြီး တော်လှန်ခဲ့ကြကြောင်း၊ စာရေးဆရာ မောင်ရည်ကျော်(ရူပ)က လူငယ်များအနေဖြင့် တိုင်းပြည်ကို ချစ်သည့်စိတ်၊ အမျိုးကို ချစ်သည့်စိတ်များ ထက်သန်စေသည့် ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပြီး အမျိုးဘာသာသာသနာကို စောင့်ရှောက်နိုင်ရေး၊ ကိုယ်၊ နှုတ်၊ နှလုံး၊ အမူအရာများ ပေါ်လွင်အောင်ရေးဖွဲ့ထားခြင်း၊ ရသမျိုးစုံဖြင့် ဖန်တီးရေးဖွဲ့ထားသည့် စာအုပ်တစ်အုပ်ဖြစ်ပါကြောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ လစဉ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)