ငါန်းဇွန် ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(ပင်စင်စား)များအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်ကစ၍ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (ပင်စင်စား)များအား ငွေကြေးကုန်ကျမှု မရှိစေဘဲ ကျန်းမာရေး ကောင်းမွန်ကြစေရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စား (၃၇) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းနှင့် အထွေထွေကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးသည့်အပြင် ဆီချိူဆေး၊ သွေးကျဆေး၊ အားဆေးစသော ဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်စင်စားများအား အခမဲ့ဆေးဝါးကုသပေးမှုများကို လစဉ် ပင်စင်ထုတ်ရက်များတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန် ဒေါက်တာစိုးမိုးအောင်ထံမှ သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)