တောင်တွင်းကြီး ဇူလိုင် ၂၂
နိုင်ငံတော်မှ ပြည်တွင်းစားသုံးဆီဖူလုံရန်၊ ပြည်ပစားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိရာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံများကို မိမိတို့၏ လယ်မြေ၊ ယာမြေများတွင် စိုက်ပျိုးထားရှိရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ ဧကပေါင်း(၁၂၉၉၃၈)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့် သီးနှံစုံစိုက်ပျိုးရန် သီးနှံအမျိုးအစားအလိုက် လျာထားလျက်ရှိရာ မိုးနှမ်းလျာထားဧက (၁၁၄၉၈၃)ဧက၊ မိုးမြေပဲ (၁၁၉၁၀)ဧက၊ မိုးနေကြာ(၃၆၁၃)ဧကနှင့် ပဲတီစိမ်း(၁၉၃၃၅)ဧက၊ ပဲစဥ်းငုံ(၉၃၅)ဧကတို့ကို စိုက်ပျိုးရန်လျာထားလျက်ရှိရာ ဒေသခံတောင်သူများ၏ လယ်၊ ယာမြေများတွင် ဇူလိုင်လ ဒုတိယပတ်အထိ ဆီထွက်သီးနှံမိုးနှမ်းဧက(၁၁၇၇၁၁)ဧက၊ မိုးမြေပဲ(၄၇၉၁)ဧက၊ မိုးနေကြာ (၃၆၆)ဧကနှင့် အခြားသီးနှံ ပဲတီစိမ်း(၅၈၈၁)ဧက၊ ပဲစဥ်းငုံ(၁၁၈၉)ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ မိုးနှမ်း(+၂၇၂၈)ဧက၊ ပဲစဥ်းငုံ (+၂၅၄)ဧကတို့သည် လျာထားဧက ထက်ကျော်လွန်၍ စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ မိုးရာသီစိုက်ပျိုးသီးနှံများ လျာထားဧကပြည့်မှီ ကျော်လွန်စိုက်ပျိုးနိုင်ရေးအတွက်လည်း ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ကွင်းဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် နည်းပညာများနှင့် စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီပံ့ပိုးလျက်ရှိကြောင်း သိရသည်။
ရန်နောင်(ဗိဿနိုးမြေ)