မြောင်းမြ ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က ကြာဖူငုံကျောင်းတွင် ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့်အလေ့အထများရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲများနှင့် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.မ.က ကြာဖူငုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးလေးမာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆင်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကိုကျင်းပခဲ့ရာ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ဟောပြောပွဲနှင့်ပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)