တောင်တွင်းကြီး ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ချောင်းနက်ကျေးရွာရှိ တောင်သူများ၏ စီးပွားဖြစ်စိုက်ပျိုးထားသော ကြံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြံပင်များကို စတင်စိုက်ပျိုးရာတွင် နှစ်ပေပတ်လည်ကျင်းအတွင်း ကြံလေးဆစ်ပါလေးချောင်းစီဖြင့် တစ်ကျင်းနှင့် တစ်ကျင်းနှစ်ပေခြားကာ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီးတစ်လအကြာတွင် စတင်အပင်ထွက်ရှိပြီး တစ်နှစ်ခန့်ကြာပါကကြံရိုးများကို စတင်ခုတ်ယူကြောင်း၊ ယခင်နှစ်က ကြံသကာအဖြစ် ကြိုချက်ကာတစ်ပိဿာလျှင် အနည်းဆုံး ၁,၅၀၀ ကျပ်မှ အများဆုံး ၂,၀၀၀ ကျပ်ဖြင့်ရောင်းချကြောင်း၊ တစ်ဧကလျှင် ကြံသကာပိဿာချိန် ၃၀၀ မှ ၅၀၀ ကြား ထွက်ရှိကြောင်း ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။
အဆိုပါ ကြံသကာများကို တောင်တွင်းကြီးမြို့အတွင်းသာမက မြို့သစ်မြို့နှင့် နတ်မောက်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ရန်နောင်စိုး (ဗိဿနိုးမြေ)