ငါန်းဇွန်မြို့နယ်၌ သံဃာတော်များအား ဝါဆိုသင်္ဃန်းများ ဆက်ကပ်လှူဒါန်း

ငါန်းဇွန် ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ၁၃၈၆ -ခုနှစ်၊ ဝါဆိုလပြည့်ကျော်(၁)ရက်နေ့ ညနေ (၃) နာရီအချိန်က သိမ်တော်ပရိယတ္တိစာသင်တိုက် ဓမ္မာရုံအတွင်းတွင် စာသင်တိုက်၌ ဝါဆိုကြမည့် သံဃာတော်အရှင်သူမြတ်များအား ကုသိုလ်ရှင်များ စုပေါင်း၍ ကာလဒါနအဖြစ် ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲတွင် ငါန်းဇွန်မြို့၊ သိမ်တော်ပရိယတ္တိစာသင်တိုက်၌ မြတ်ဗုဒ္ဓရှင်တော်ဘုရား ဟောကြားခဲ့သော ပရိယတ္တိစာပေများကို စာသင်၊ စာချ ပြုလုပ်လျက်ရှိသော ကျောင်းထိုင်ဆရာတော်ကြီးနှင့် စာသင်သား သံဃာတော် (၂၆) ပါးတို့အား အလှူရှင် (၁၂၀) ဦးတို့မှ စုပေါင်းလှူဒါန်းသော အလှူငွေများဖြင့် ဝါဆိုသင်္ဃန်းများကို နိဗ္ဗာန်ရည်မှန်းကာ သဒ္ဒါတရား ထက်သန်စွာ ကာလဒါနအဖြစ် ကုသိုလ်ပြုဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား  အာဟာရဒါနအဖြစ် ကြာဇံဟင်းခါးများကို ကုသိုလ်ပြုတိုက်ကျွေးခဲ့ကြောင်း သိရသည်။ 

ယခုကဲ့သို့ စုပေါင်းဝါဆိုသင်္ဃန်း ဆက်ကပ်လှူပွဲများကို ယခင်နှစ်ကလည်း စည်ကားသိုက်မြိုက် စွာ ကျင်းပနိုင်ခဲ့ကြောင်းနှင့် နှစ်စဉ်ဝါတွင်းကာလရောက်တိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                                                                                                              

ကိုကိုနိုင်(ပြန်/ဆက်)