ဂန့်ဂေါ ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားကုန်များ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု ရှိ/မရှိတို့ကို ယနေ့နံနက် ၈ နာရီက ဂန့်ဂေါမြို့ စည်ပင်သာယာဈေးသို့ သွားရောက်စစ်ဆေးခဲ့ကြသည်။
“စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် စစ်ဆေးနေရခြင်း ဖြစ်ပါတယ်၊ မြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားကုန်များကို ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးနေတာပါ၊ ဈေးအတွင်းမှာရှိတဲ့ ကုန်စုံဆိုင်တွေကိုလည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးကိုလည်း အလေးထားဆောင်ရွက်နေပါတယ်၊ အဓိကတော့ ဆေးဝါး၊ အခြေခံစားကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဈေးကွက်တွင် လိုအပ်မှုရှိ/မရှိ အသိပညာပေးဆောင်ရွက်ခဲ့ပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာန ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒေါ်ဇာဇာချိုဦးက ပြောသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)