စစ်ကိုင်း ဇူလိုင် ၂၂
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အသင်္ခယာခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ်များအားအကြမ်းဖက်ခြင်းနှင့် ကလေးသူငယ်အခွင့်အရေးမျာဆိုင်ရာ ဥပဒေပါပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ကလေးသူငယ်များအလုပ်လုပ်ကိုင်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ပိုင်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မေဇင်မိုးက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးစသည့် အကြောင်းအရာများကို အသီးသီးဆွေးနွေးပေးခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူလေးများက ကြည့်ရှုလေ့လာခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရေးမြှင့်တင်ရေးကော်မတီမှထုတ်ဝေသည့် ဇေယျာရွှေမြေ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်