မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစီမံကိန်းအတွက် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်တာဝန်ရှိသူများသည် မိုးစပါးထွက်နှုန်းတိုးထွက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈၆)ဘီလီယံဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်မိုးစပါး စီမံကိန်းအတွက် တောင်သူများသို့ သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာနှင့်သဘာဝမြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။

အခမ်းအနားတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက မိုးစပါးတိုးမြှင့်ထွက်ရှိရေး၊ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဥ်များနှင့် လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သော နိုင်ငံစီးပွားရေးဘအခြေအနေကောင်းများ ဖန်တီးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသည့် မူဝါဒနှင့်အညီ တောင်သူများ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေတိုးတက်စေရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးသည့် တောင်သူများအထွက်နှုန်းတိုးစေရေး၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးအတွက် သွင်းအားစုထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများဖြစ်သော သွင်းအားစုများကို ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်တို့က တက်ရောက်လာကြသော တောင်သူများထံသို့  လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)