စလင်းမြို့နယ်တွင် ဧရာပဒေသာဆန်များအား ရည်ညွှန်းစျေးနှုန်းထက်လျှော့ချ၍ အိမ်ထောင်စု (၁၂၀) အား ရောင်းချပေး

စလင်း  ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ရည်ညွှန်းစျေးထက်လျှော့ချ၍  ဆန်များရောင်းချပေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ဆန်စက်လုပ်ငန်းရှင်များပူးပေါင်းကာ ပေါင်းနားရပ်ကွက်၊ တောင်သီတပ်ရပ်၊ ရပ်ကွက်ဝတ်ဇရပ်ရှေ့၌ တစ်ဦးလျှင် ဧရာပဒေသာဆန်နှစ်ပြည်နှုန်းဖြင့် ယနေ့နံနက်(၈)နာရီအချိန်က စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချမှုများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့  ပူးပေါင်း၍  မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင် ဦးဇော်မင်းအောင် အောင်ပြည့်ရတနာ၊ ဦးအောင်ခင်-KBK၊ ဦးအောင်တိုး-စွမ်းထက်၊ ဦးဗိုလ်သောင်း-ပြည့်ဖြိုးရတနာ၊ ဦးမောင်နိုင်-ရွှေအိမ်စံဆန်စက်တို့က ဦးဆောင်ကြီးကြပ်၍ စားသုံးသူပြည်သူများအား  တစ်ဦးလျှင်  ဧရာပဒေသာဆန် (၂)ပြည်နှုန်းဖြင့်  ရောင်းချပေးခဲ့ကြသည်။

စလင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဧရာပဒေသာဆန်များကို  မည်သူမဆို  လွတ်လပ်စွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ (၁)ပြည်လျှင် ရည်ညွှန်းသတ်မှတ်စျေးနှုန်း (၅၈၅၀)ကျပ်မှ (၅၀၀၀)ကျပ်နှုန်းဖြင့် လျှော့ချ၍ (၂၄)ပြည်ပါ  ဆန်အိတ် (၁၀)အိတ်၊ အိမ်ထောင်စု (၁၂၀)အိမ်ထောင်စုအား  စီတန်း၍ စနစ်တကျပျော်ရွှင်စွာဖြင့် ဝယ်ယူအားပေးကြကြောင်း၊ စလင်းမြို့ပေါ် (၈)ရပ်ကွက်အား အလှည့်ကျစျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းကို  ဆန်စက်လုပ်ငန်းရှင်များအသင်းထံမှ  သိရသည်။

(မောင်လွင်)စလင်း