မင်းဘူး ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာ ကျော်လွန်ကာ ၁၇၉၄ စင်တီမီတာမှ တဖြည်းဖြည်းကျဆင်းလျက်ရှိကြောင်း မင်းဘူးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မင်းဘူးမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်မှာ ၁၇၀၀ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၁၆ ရက်နေ့တွင် အမြင့်ဆုံး ၁၇၉၄ စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက် ၁၇၂၇ စင်တီမီတာသို့ တဖြည်းဖြည်း ကျဆင်းလျက်ရှိရာ စိုးရိမ်ရေမှတ်ထက် ၂၇ စင်တီမီတာ (၁၁)လက်မခန့် ဆက်လက်မြင့်တက်နေသေးကြောင်း သိရသည်။ ဧရာဝတီမြစ်ရေ ကျဆင်းနှုန်းမှာ တစ်ရက်လျှင် ၁၅ စင်တီမီတာကျဆင်းနေကြောင်း၊ မင်းဘူး(စကု)မြို့နယ်ရှိ ရေဘေးရှောင်စခန်းများတွင်လည်း ရေဘေးသင့်၍ နေထိုင်သူများရှိနေသေးကြောင်း ရေဘေးရှောင်စခန်းတာဝန်ခံ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)