ကျိုက်လတ်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ကျိုက်လတ်  ဇူလိုင်  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းကာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါ အခြေအနေများ တိုင်းတာစစ်ဆေးပေး၍ လိုအပ်သည့် သောက်ဆေးများပေးခြင်း၊ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးကုသမှုခံယူစေခြင်းစသည်တို့ ဆောင်ရွက်ပေး၍ အငြိမ်းစားများကို အခြေခံစားသောက်ကုန်များဖြစ်သော ကြက်ဥနှင့်ဆီများကို သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေးခဲ့သည်။

ကျိုက်လတ်၌ ပင်စင်လစာငွေများ ထုတ်ယူနိုင်ရေးကို လစဉ် ၂၁ ရက်နေ့မှစ၍ လကုန်အထိ ဘဏ်လုပ်ငန်းချိန်များအတိုင်း ထုတ်ယူနိုင်ပြီး လာရောက်ထုတ်ယူသူများ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။

 လှိုင်မင်းအောင်