မော်လမြိုင် ဇူလိုင် ၂၂
မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီမှ ဖွင့်လှစ်သည့် အခြေခံလျှပ်စစ် House Wiring And Appliance သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ စမ်းကြီးရပ်၊ လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်သည်။
ရှေးဉီးစွာ အခမ်းအနားတွင် မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို ၂၀၂၄-၂၀၂၈ ခုနှစ်အထိ (၅)နှစ်တာကာလတို လုပ်ငန်းစီမံချက်ပါလျာထားချက်များအား မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်း ဆပ်ကော်မတီအနေဖြင့် ကလေးများ ပိုမိုမြင့်မားကောင်းမွန်သည့်ဘဝများ ရရှိနိုင်ရေးအတွက် ပညာရေးစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်အတူ ကလေးများတက်ရောက်လိုသော သက်မွေးပညာသင်တန်းများကို တက်ရောက်နိုင်မည့်အခွင့်အလမ်းများဖန်တီးပေးခြင်း၊ ကျောင်းပြင်ပရောက် ကလေးများ၏ ပညာရေးလက်လှမ်းမီစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးအစီအစဉ်နှင့် နည်းပညာ၊ သက်မွေးပညာအစီအစဉ်များကိုလည်း ပိုမိုဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရပ်များကို တက်မြောက်စေခြင်းအားဖြင့် ကလေးငယ်များသည် လုပ်ငန်းကျွမ်းကျင်မှုအရည်အသွေးများ တိုးတက်လာစေပြီး သင့်တင့်သော အလုပ်အကိုင်များအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများရရှိနိုင်မှာဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်သည့် ပညာရပ်များဖြင့် လက်တွေ့နယ်ပယ်တွင် အသုံးချပြီး အရည်အချင်းပြည့်ဝသောလုပ်သားများအဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသည့် ကျွမ်းကျင်လုပ်သားများ ဖြစ်စေလိုပါကြောင်း၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များရရှိအောင် ကြိုးစားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး ဒေါ်တိုးတိုးချစ်က သင်တန်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းသားများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကာ သင်ထောက်ကူပစ္စည်းများခင်းကျင်းပြထားမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အခြေခံလျှပ်စစ် House Wiring And Appliance သင်တန်းကို သင်တန်းသား(၂၅)ဦးဖြင့် ဇူလိုင်လ(၂၂)ရက်နေ့မှ သြဂုတ်လ(၂)ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)