ပွင့်ဖြူမြို့နယ်၌ ရေဘေးသင့်ပြည်သူများစားသောက်ရေး အဆင်ပြေစေရန် ကြက်ဥများ ထောက်ပံ့

ပွင့်ဖြူ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် နန်းတော်ကျွန်းကျေးရွာမှဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ အလှူရှင်ချစ်သဲဦးမိသားစုက အိမ်တိုင်ရာရောက်သွားရောက်၍ ကြက်ဥများထောက်ပံ့ပေးအပ်သည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် အလှူရှင်ချစ်သဲဦးမိသားစုက ကျေးရွာတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု(၇၅)စုကို အိမ်ထောင်စုတစ်စုလျှင် ကြက်ဥ(၁၀)လုံးစီ စားသောက်ရေးအဆင်ပြေစေရန် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ နန်းတော်ကျွန်းကျေးရွာအပါအဝင် ထူးကျေးရွာ၊ ငှက်တောကုန်းကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာ၊ ငါးခြောက်ကျွန်း(ရေလယ်ကျွန်း)ကျေးရွာ၊ ရေချမ်းစင်ကျေးရွာ၊ မြင်းခြံစုကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာ၊ ဇီးကျွန်းကျေးရွာ၊ ရှားတောကျေးရွာ၊ ပေါက်ကုန်းကျေးရွာ၊ ပေါက်ကုန်းရွာသစ်ကျေးရွာ၊ ကြည်ကုန်းကျေးရွာမှရိုးကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ဆည်မုန်းကျေးရွာ၊ သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ကူကြီးကျေးရွာစသည့်ကျေးရွာများတွင် မြစ်ရေဝင်ရောက်မှုများရှိခဲ့ပြီး ယင်းကျေးရွာများရှိရေဘေးသင့်ပြည်သူများ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ် လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာအလှူရှင်များနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့က သောက်ရေသန့်များ၊ ဓာတ်ဆားထုပ်များ၊ ကြက်ဥများ၊ ငရုတ်ကြော်၊ ငါးပိကြော်များ သွားရောက်ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )