ကျွန်းလှ ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးသီးနှံမျိုးစုံအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း ကျွန်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ သိရသည်။
“ဒီနှစ်ကျွန်းလှမြို့နယ်မှာ မိုးသီးနှံစိုက်ပျိုးတဲ့တောင်သူတွေကို စိုက်ပျိုးစရိတ်ထုတ်ချေး ပေးလျက်ရှိပါတယ်။ စိုက်ပျိုးစရိတ်ထုတ်ချေးပေးရာမှာ စပါးတစ်ဧက ငွေကျပ်တစ်သိန်းခွဲနဲ့ အခြားသီးနှံတစ်ဧက ငွေကျပ်တစ်သိန်းကို အတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ပါတယ်။ အခုလက်ရှိအချိန်ထိ ကျေးရွာအုပ်စု (၄) အုပ်စုမှ တောင်သူ (၁၁၂) ဦးအား စပါး(၂၂၄) ဧကနဲ့ အခြားသီးနှံ (၃၉၄) ဧက၊ စုစုပေါင်းငွေကျပ် (၇၆၂၅၀၀၀၀) ထုတ်ချေးပေးပြီးဖြစ်ပါတယ်။ ကျန်ရှိတဲ့တောင်သူများကိုလည်း ထုတ်ချေးပေးရန်စီစဉ်လျက်ရှိပါတယ်”ဟု ကျွန်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန်နေဂျာက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စု (၈) အုပ်စုမှ တောင်သူ (၃၂၀) ဦးအား စပါး (၆၀၀) ဧက၊ အခြားသီးနှံ (၁၁၀၀) ဧက၊ စုစုပေါင်း (၁၇၀၀) ဧကအတွက် ငွေကျပ်သိန်း (၂၀၀၀) ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။
မျိုးဝင်းညို