ဝေါ ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပါဝင်ယှဉ်ပြိုင်ပုံ၊ အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ဝေါအရှေ့)မှ ကျောင်းသား/ ကျောင်းသူများက ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြရာ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇာတ်၊ ပုံပြင်စာအုပ်များဖြင့် ပုံပြင်များပြောပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြည်သူ့စာကြည့်တိုက်အတွင်းရှိ မိမိတို့ကြိုက်နှစ်သက်ရာစာအုပ်များအား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)