မြန်အောင် ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးသည် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်က မြန်အောင်မြို့နယ်အတွင်းရှိ ရေကာတာများ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍ ယာယီရေဘေးရှောင်စခန်းရှိ အိမ်ထောင်စုဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စီးပွားရေးရာဝန်ကြီး ဦးတင်အေးသည် တာဝန်ရှိသူများနှင့် အတူမြန်အောင်-ရွှေကျင် ရေကာတာတစ်လျောက် ကွင်းဆင်းကြည့်ရှုရာတွင် ကနောင်မြို့ အိုးဘိုအုပ်စု မြန်အောင်တာမိုင် ၁၅/၀ ရေထုတ်တံခါး ရေယိုစိမ့်မှု မရှိစေရန်နှင့် ရေတံခါးခိုင်ခန့်မှုရှိစေရန် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ငါးပိဆိပ်ကျေးရွာအုပ်စု ရေကာတာအရှေ့ဘက် မြစ်ရေဝင်ရောက်မှုကြောင့် ငါးပိဆိပ်ရွာ ဘုရားကြီးကျောင်း ယာယီရေဘေးရှောင်စခန်းရှိ အိမ်ထောင်စုများကို ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ပြီး အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြန်အောင်-ရွေကျင်ရေကာတာ တစ်လျှောက်ရှိ အိုးဘိုကျေးရွာအုပ်စု၊ ကျွဲတဲကုန်းကျေးရွာအုပ်စု၊ ငါးပိဆိပ်ကျေးရွာအုပ်စု၊ သရက်တောကျေးရွာအုပ်စုနှင့် ရွှေကျင်ကျေးရွာအုပ်စုတို့ရှိ ရေကာတာတစ်လျှောက် ဧရာဝတီမြစ်ရေရောက်ရှိမှုအခြေအနေ၊ တာတမံကြံ့ခိုင်မှုအခြေအနေနှင့်ရေကင်းစခန်းများ ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ညောင်ဝိုင်းကျေးရွာအုပ်စုနှင့် ရွှေကျင်ကျေးရွာအုပ်စုတို့ရှိ မြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုဝင်များအတွက် အခြေခံစားသောက်ကုန် ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)